ဒေါ်အောင်ဆန်းစုကြည်မှာကြားသော အချက် (၆) ချက်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
“အမှောင်ဖုံးတဲ့စက်တင်ဘာ”
“ပြည့်ဝမ်းမီးတောက် သံဃာလျှောက်သည်
အံ့လောက်ပါသော ဒို့တိုင်းပြည်” တဲ့.
ပလ္လင်ပေါ်ရောက်နေတဲ့
မျောက်သရမ်းတကောင်ကြောင့်
တိုင်းပြည်လည်းငါးပါးမှောက်
လူတွေလည်း ဒုက္ခရောက်ကြတယ်။
ပြည်သူတွေရဲ့ဝမ်းရေး
သံဃာတွေရတက်မအေးလို့
မေတ္တာသုတ်ရွတ်ဖတ်
ဖုတ်၊ သဘက်တွေမောင်းထုတ်ခဲ့ကြတယ်။
မေတ္တာပို့သံတွေညံစီ
တိုင်းပြည်စည်ပင်အောင် အားထုတ်ခဲ့ကြတယ်။
အာဏာရူးတွေရဲ့လက်ကိုင်တုတ်
သူယုတ်မာကြံ့ဖွတ်တွေ
ဘုရားသားတော်တောင်မရှောင်
မောဟအမှောင်လမ်းမှာ
ကြမ်းချင်တိုင်းကြမ်းခဲ့ကြတယ်။
ပတ္တနိကုဇ္ဇနကံဆောင်သပိတ်
ဒင်းတို့............
ကိုယ့်အရိပ်ကိုပြန်ကြောက်သလိုကြောက်ခဲ့ကြတယ်။
သာသနာ့သမိုင်း မြန်မာ့သမိုင်းတလျှောက်
မကြုံဖူးစရာဖြစ်ရပ်
မတ်တတ်ရပ်နေတဲ့စစ်သားကို
ရဟန်းက ထိုင်များတောင်ဦးချခဲ့ရတယ်။
ကမ္ဘာမှာ မြန်မာဟေ့ လို့
နာမည်ဆိုးနဲ့ကြွေးကြော်
မော်ဖူးခံချင်တဲ့ လူ့ဗာလတွေက
ငြိမ်းချမ်းစွာ ချီတက်ကြသူတွေကို
ရက်ရက်စက်စက် ရိုက်နှက်စော်ကား
ဝဋ်ကြွေးကို ဂရုမထားဘဲ
ငရဲကိုလှေနံဓားထစ်မှတ်ခဲ့ကြတယ်။
မျောက်တကောင်ရဲ့ အာဏာတန်ခိုးနဲ့
လုပ်ရိုးလုပ်စဉ် သတ်ဖြတ်မှုတွေက
စက်တင်ဘာကို အရုပ်ဆိုးခဲ့တယ်။
သံဃာတွေလည်း ထောင်ကျသက်တမ်းတိုးခဲ့တယ်။
ပြည်သူ့ရင်ထဲလည်း နာကျင်မှုတွေပိုးခဲ့တယ်။
ရွှေဝါရောင်သင်္ကန်း သွေးဒင်းကြမ်းလွှမ်းခဲ့တယ်။
စစ်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေ
ပြည်သူ့အသည်း ကမ္ဗည်းထပ်နေခဲ့ပြီ
ကမ္ဘာပျက်တောင် မပျက်တဲ့နာကျည်းချက်တွေနဲ့
လစက်တင်ဘာဟာ..
ငါတို့ရင်ထဲ
နှစ်တိုင်းအသစ်ဖြစ်မြဲ………။
မောင်ပါလ
“မီးပျက်နေပါသည်”
ဘ၀ကခါးတော့
ရသတွေကရှား
ကာရန်တွေပါးတယ်။
စိတ်အလိုလိုက်မိချိန်
လောကကိုအရွဲ့တိုက်
ခပ်မိုက်မိုက်နေလိုက်တယ်။
ခံစားချက်တွေတိမ်ဖုံး
သံယောဇဉ်တွေသုဉ်းနေတော့
အပြုံးတွေနတ္ထိ
အရက်နဲ့ကာရန်ညှိဖြစ်တယ်။
အဲဒီအချိန်.......
ရင်ထဲမှာဗလာ
အတွေးတွေချာနေတာမို့
ကျနော့်ဘလော့ခ်လေး မီးမလာပါခင်ဗျာ။
မောင်ပါလ
အိပ်မက် မက်မနေကြနဲ့တော့
ဝင်းတင် - အောက်တိုဘာ ၁၊ ၂၀၁၀
နယူးယောက်တိုမ်းမ် သတင်းစာတွင် ပါရှိသော ဦးဝင်းတင်၏
An Election Not Worthy of Support
ဆောင်းပါး တစိတ် တဒေသကို မိုးမခက ဆီလျော်အောင် ပြန်ဆိုသည်။
"----ရွေးကောက်ပွဲက အလုပ်မဖြစ်နိုင်ဘူး ဆိုရင် ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဘာဖြစ်မလဲ---"
ဥရောပနိုင်ငံ တချို့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြရုံတင် မကဘဲ ထောက်ခံလိုက်ကြသေးတယ်။ ကျနော်တို့နဲ့ တွေ့တုန်းက သူတို့ ဘာပြောလဲ ဆိုတော့ ရွေးကောက်ပွဲဟာ တခုတည်းသော ထွက်ပေါက် ဖြစ်တယ်၊ NLD က ၀င်ပြိုင်သင့်တယ် တဲ့။
ကျနော်တို့က စစ်ကျွန်သက်ရှည်ရေးကို တရားဝင် မလုပ်ပေးနိုင်ဘူးလို့ ပြန်ရှင်းပြတော့ တခြားသူတွေကို သွားညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ အခု ဆိုရင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတော်ကို ၀င်ဖို့ ကူညီတာတွေ လုပ်နေပြီ။
စစ်အုပ်စုကို ထောက်ခံတဲ့ ပညာရှင်တွေ၊ အခွင့်အရေးသမားတွေကို ကူညီနေကြပြီ။ အဲဒီလူတွေက ဥရောပအထိ သွားပြီးတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရောင်းစွံအောင် လုပ်ရင်းနဲ့ သူတို့သဘောကျတဲ့ နိုင်ငံရေးပါတီတွေ အကူအညီ ရဖို့ လုပ်နေကြပါတယ်။
ဒီမိုကရေစီအရေး လှုပ်ရှားမှုထဲက တချို့ ပါတီတွေဟာ ဥရောပရဲ့ ထောက်ခံမှုတွေ ရနေပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အခွင့်အလမ်းက နည်းနည်းလေးပဲ ရှိတယ်။ သူတို့ မဲဆွယ်စည်းရုံးတာတွေက တနေ့ထက်တနေ့ ပိုပြီး အတားအဆီးတွေနဲ့ ကြုံနေရပြီ။ စစ်အုပ်စုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေမှာ နေရာ အကုန်ရဖို့ လိမ်တာ ညာတာ ခြိမ်းခြောက်တာတွေ လုပ်မှာပဲ။
လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာ ရမယ်လို့ ဆိုတယ်။ အခုတော့ စစ်တပ်နဲ့ သူ့လူတွေကပဲ ရာနှုန်းပြည့် နေရာရဖို့ တဖြည်းဖြည်း သိသာလာနေပြီ။ တချို့တလေ ကံကောင်းထောက်မလို့ အရွေးခံရပါပြီတဲ့၊ အပြောင်းအလဲ လုပ်ဖို့ ဘယ်လို အခွင့်အရေး ရနိုင်မလဲ။ လွှတ်တော်က အစိုးရ ဖွဲ့လို့ မရဘူး၊ စစ်ဘက်ရေးရာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူး၊ သမ္မတက ခန့်အပ်တာတွေ၊ ဘတ်ဂျက် သတ်မှတ်တာတွေကို ငြင်းပိုင်ခွင့် မရှိဘူး။
ရွေးကောက်ပွဲက အလုပ်မဖြစ်နိုင်ဘူး ဆိုရင် ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပြီ။ အဲဒီ နည်းလမ်းကတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းပဲ။ ဒါကို ကျနော်တို့ ပြောနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားသား ကိုယ်စားလှယ်တွေ အဓိပ္ပာယ်ရှိရှိ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဲ။တာကပဲ မြန်မာပြည် ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ရှင်းလို့ ရတဲ့ တခုတည်းသော နည်းလမ်းပါပဲ။
စစ်တပ်ကတော့ ဆွေးနွေးချင်စိတ် ဘယ်ရှိမလဲ။ ဒါပေမယ့် နိုင်ငံတကာ အ၀န်းအ၀ိုင်းက အလေးအနက် ထားပြီးတော့ စစ်အုပ်စုကို ထိထိရောက်ရောက် ဖိအား ပေးနိုင်မယ် ဆိုပါတော့၊ ဒါဆိုရင် ပြည်ပ ဖိအားနဲ့ ပြည်တွင်းက အကြမ်းမဖက် လှုပ်ရှားမှုတွေကြောင့် စစ်အုပ်စုက ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာမှာပဲ။
ဥရောပက ကျနော်တို့ မိတ်ဆွေနိုင်ငံတွေဟာ ရွေးကောက်ပွဲကနေ ထွက်ပေါ်မလာနိုင်တဲ့ အရာတခုကို မျှော်တလင့်လင့်ဖြစ်မနေနဲ့တော့၊ အိပ်မက် မက်မနေကြနဲ့တော့။ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်သင့်ပါပြီ။ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကော်မရှင်တခု ပေါ်ပေါက်လာအောင် သူတို့ စပြီး လုပ်သင့်ပါပြီ။
An Election Not Worthy of Support
ဦးဝင်းတင်
စက်တင်ဘာ(၃၀) နေ့စွဲ
The International Herald Tribune သတင်းစာနဲ့  The New York Times သတင်းစာ
ဗီအိုအေ (၂၀၁၀ အောက်တိုဘာ (၂) ရက်၊ တစ်ပတ်အတွင်း “ကမ္ဘာ့မီဒီယာတွေထဲက မြန်မာနိုင်ငံ” အပတ်စဉ်ကဏ္ဍ)
ဦးရော်နီညိမ်း။ ။ စက်တင်ဘာလ (၃၀) ရက်နေ့စွဲနဲ့ The International Herald Tribune သတင်းစာနဲ့  The New York Times သတင်းစာတွေထဲမှာ မြန်မာနိုင်ငံက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ရေးသားတဲ့ “ထောက်ခံအားပေးဖို့ ရာ မထိုက်တန်တဲ့ ရွေးကောက်ပွဲ တစ်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ကောက်နှုတ်ချက်ကို ဦးဝင်းဖေ၊ ဦးကျော်ဇံသာ၊ ကိုဂျေ၊ ကိုသားညွှန့်ဦး တို့နဲ့အတူ တင် ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမှု အသေအချာရှိစေဖို့ ချဉ်းကပ်ကြရာမှာ၊ နိုင်ငံတကာ မိသားစုဟာ အစွမ်းကုန် နိုးနိုးကြားကြားနဲ့ မလွှဲမသွေ လုပ်ဆောင်ကြရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီး Ms. Navi Pillay က မကြာခင်က ပြောကြားခဲ့တဲ့ အပေါ် ကျနော်တို့ စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ ဒီလို မှတ်ချက်ပြုနေတာက မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေး ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာ ရှင်းနေပါလျှက်နဲ့ ဒီရွေးကောက်ပွဲဟာ တစုံတရာ တန်ဘိုးရှိနေသလိုလိုနဲ့ “စောင့်ကြည့်ကြဦးစို့” လို့ အဓိပ္ပါယ်ဆောင် နေပါတယ်။ နိုဝင်ဘာလ (၇) ရက်နေ့ မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ “ရာသက်ပန် စစ်အာဏာရှင် အုပ် ချုပ်ရေးစနစ်” ကို ဖန်တီးဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့အောက်ကနေ စစ်တပ်ကပဲ မြန်မာနိုင်ငံမှာ အရာရာကို ချုပ်ကိုင်ထားမှုကို တရားဝင်အောင် ပုံဖော်နေတဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲ ပြီးသွား တာနဲ့ အဲဒီ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ဟာ အသက်ဝင်လာပါမယ်။ လက်ရှိ ရာထူးရှိ ဗိုလ်ချုပ်တွေ၊ အငြိမ်းစား ဗိုလ်ချုပ်တွေ နဲ့ ဖြစ်ပေါ်လာမယ့် “လွှတ်တော်” ကနေ အရပ်သားအယောင်ဆောင်အစိုးရ တစ်ရပ်ဟာလည်း ဖွဲ့စည်း ပေါ်ပေါက်လာဦးမှာပါ။ လွှတ်တော်က လက်ရှိနဲ့အငြိမ်းစား ဗိုလ်ချုပ်တွေမှန်သမျှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နာခံမှုအောက်မှာပဲ ရှိနေကြပြီးတော့ မြန်မာလူထုတစ်ရပ်လုံး စစ်တပ်ရဲ့လွှမ်းမိုးထားမှုအောက် တရားဝင်ရောက် ရှိသွားကြမှာ ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေက စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံပါဘူး။ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အဲဒီ အခြေခံဥပဒေ နဲ့ တင်းကြပ်လွန်းတဲ့ ရွေးကောက်ပွဲဥပဒေတို့က လာမယ့်ရွေးကောက်ပွဲကို စစ်အစိုးရကလုပ်ရတဲ့ တကယ့် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ ကျနော်တို့အားလုံးကို အသိပေးနေပါတယ်။ ကျနော်တို့နိုင်ငံမှာ စစ်တပ်ကပဲ အုပ်ချုပ်သွားမှာကို တရားဝင်အောင်လုပ်တဲ့ ရွေးကောက်ပွဲပါလို့ ကျနော်တို့အားလုံး သိနေကြပါတယ်။ မြန်မာ့ဒီမို ကရေစီအရေးအတွက် ကျနော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေ စွန့်လွှတ်လိုက်ဖို့ ဖိအားပေးနေတာတွေကို ကျနော်တို့က ငြင်းဆန်နေပါတယ်။ ကျနော်တို့ရဲ့ရပ်တည်မှုကို သန်းပေါင်းများစွာသော မြန်မာပြည်သူတွေရဲ့ ထောက်ခံအားပေးမှု နဲ့အတူ နိုင်ငံတကာမိသားစုက မြန်မာစစ်အစိုးရရဲ့ရည်ရွယ်ချက်ကို ကျနော်တို့ နားလည်နေသလို နားလည်နေလိမ့် မယ်လို့ ကျနော်တို့က မျှော်လင့်ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ တစ်ဖက်သတ်နိုင်တဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ငန်း စဉ်တွေကို ရပ်တန်းက ရပ်သွားအောင် နိုင်ငံတကာ မိသားစုက ဖိအားပေးကြဖို့ကိုလည်း ကျနော်တို့က မျှော်လင့်ခဲ့ ကြပါတယ်။
မကြာသေးခင်အချိန်အထိ ကုလသမဂ္ဂက မြန်မာစစ်အစိုးရကိုတောင်းဆိုနေတာက မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံး ပါဝင်ရေး၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအတိုက်အခံတွေနဲ့ စစ်အစိုးရတို့ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးနေမှုတွေကနေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေး စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာကတော့ ကုလသမဂ္ဂက ကြေညာချက်တွေ မိန့်ခွန်းတွေမှာ အလွန် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးမှာ “သက်ဆိုင်သူအားလုံး ပါဝင်ရေး” ဆိုတဲ့ စကားရပ်ဟာ အခုနောက်ပိုင်း မပါဝင်တော့ပါဘူး။ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Ms. Pillay က အစွမ်းကုန် နိုးနိုးကြားကြားနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာအောင် ချဉ်းကပ်ကြဖို့ ပြောထားပေမယ့်၊ အဲဒီလို လွတ်လပ်ပြီး တရားမျှတပါ့မလား ဆိုတာကို အကဲဖြတ်ဖို့ ရွေးကောက်ပွဲနေ့အထိ စောင့်ဆိုင်းနေကြဖို့ မလိုပါဘူး။
ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက စစ်အစိုးရကို သစ္စာရှိသူတွေနဲ့ စိတ်ကြိုက်ခေါင်းခေါက်ပြီးခန့်ထားတဲ့ ကော်မရှင်ပါ။ ရွေးကောက် ပွဲဝင်မယ့် ပါတီတွေက အမတ်လောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် ရှိမရှိ ဒီကော်မရှင်က တစ်ဖက်သတ် ဆုံးဖြတ်ပြီး အမတ်လောင်းများစွာကို ပယ်ချနေပါတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိရုံတင်မက နိုင်ငံရေးပါတီတစ်ခုခုရဲ့ ပါတီဝင် အဖြစ်ပါ ရပ်တည်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ခြင်းခံနေရပါတယ်။ကံမကောင်းတဲ့ကိစ္စ တစ်ခုကတော့ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုတာကို စောင့်ကြည့်နေရုံ တင် မကပါဘူး။ ရွေးကောက်ပွဲကိုပါ အားပေးထောက်ခံနေကြတာပါ။ သူတို့ ကျနော်တို့နဲ့လာပြီး ဆွေးနွေးခဲ့ကြတုန်းက ရွေးကောက်ပွဲဟာ “ဒီမြို့ထဲက တစ်ခုတည်းသော ကစားပွဲ” ပါလို့ အင်္ဂလိပ်ဘာသာနဲ့ စကားပုံခိုင်းပြီး ပြောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာ့နိုင်ငံရေးရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဟာ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကစားပွဲမှာ ၀င်ပြီး ကစားသင့်တယ်လို့ ကျနော်တို့ကို ပြောကြပြန် ပါတယ်။
ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်သွားမှာကို တရားဝင်အောင် ၀င်မလုပ်ပေးဘူးလို့ အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြတဲ့အခါမှာ တော့ သူတို့တွေက တခြားသောနိုင်ငံရေးပါတီတွေဘက် ကို လှည့်သွားကြပါတယ်။ စစ်အစိုးရရဲ့ရွေးကောက်ပွဲကစားပွဲထဲမှာ အဲဒီပါတီတွေ ၀င်ပါနိုင်ကြအောင် ကူညီထောက် ပံ့နေကြပြန်ပါတယ်။ အဲဒီ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရကိုလိုလားတဲ့ မြန်မာနိုင်ငံက ပညာရှင်တွေအခွင့်ရေးသမား တွေကို ဥရောပကိုလွှတ်ပြီး စစ်အစိုးရရဲ့ရွေးကောက်ပွဲဆိုတာကို ရောင်းပန်းလှအောင် လှည့်လည်ဟောပြောခိုင်းတာ တွေလည်း လုပ်ကြပါတယ်။ သူတို့လိုလားတဲ့ ရွေးကောက်ပွဲဝင် မြန်မာ့နိုင်ငံရေးပါတီတွေအတွက် ဥရောပကနေ အထောက်အပံ့တွေ ပိုရအောင် စုစည်းလုပ်ဆောင်ပေးနေကြပါတယ်။ အဲဒီလို ဥရောပအထောက်အပံ့ ရရှိနေကြတာ တောင်မှ အဲဒီပါတီတွေဟာ ရွေးကောက်ပွဲမှာ အမတ်တစ်နေရာ ရဖို့ဆိုတာ အခွင့်အလမ်း မရှိသလောက်ပါပဲ။ စစ် အစိုးရကတော့ “ အမျိုးသားလွှတ်တော်” နဲ့ “ ပြည်သူ့လွှတ်တော် ” နှစ်ရပ်လုံးမှာ သူတို့လူတွေပဲ အမတ်နေရာ အား လုံးရအောင် နည်းမျိုးစုံနဲ့လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အမတ်အားလုံးရဲ့ (၂၅) ရာခိုင်နှုန်းကို ယူနီဖောင်းဝတ် စစ် အရာရှိတွေက ယူထားပြီး၊ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းသော အမတ်တွေဟာလည်း စစ်အရာရှိဟောင်းတွေနဲ့ စစ်တပ် ရဲ့ခါးပိုက်ဆောင် ပညာတတ်နဲ့စီးပွါးရေးသမားတွေ ထဲကပဲ ဖြစ်လာကြမှာပါ။
အဲဒီ အနာဂတ်လွှတ်တော်ဟာ အစိုးရဖွဲ့စည်းနိုင်တဲ့အာဏာ မရှိပါဘူး။ စစ်ဖက်ရေးရာမှာ ဥပဒေပြုနိုင်တဲ့အာဏာ မရှိ ပါဘူး။ သမ္မတက ခန့်အပ်သူမှန်သမျှနဲ့ သမ္မတက ရေးဆွဲတဲ့ ရသုံးမှန်းချေငွေစာရင်းကို လွှတ်တော်က ပယ်ချနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ အဖြေမဟုတ်ဘူးလို့ ဆိုလျှင် ဘယ်ဟာက အဖြေလဲ လို့ တစ်စုံတစ်ယောက်က မေးပါလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေးသာလျှင် မြန်မာ့နိုင်ငံရေးရဲ့ ဖြေရှင်းချက်ပါ။ နှစ်ပေါင်း များစွာ ကျနော်တို့ တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးကသာလျှင် အဖြေပါ။ တပ်မတော်ရယ်၊ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ် စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေရယ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကသာလျှင် မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဒါကို စစ်အစိုးရက မလုပ်ချင်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာမိသားစုရဲ့ အလေးအနက်ထားပြီးတော့ လုပ်ဆောင်ကြမယ့် ပြင်ပဖိအား ပြင်းပြင်းထန်ထန်တွေနဲ့ ပြည်တွင်းက ငြိမ်းချမ်းတဲ့ဆန့်ကျင်အံတုမှုတွေ ပေါင်းစပ်နိုင်မယ် ဆိုလျှင်တော့ မြန်မာစစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း အထိ ရောက်လာအောင် တွန်းပို့နိုင်ပါလိမ့်မယ်။ လာမယ့် ရွေးကောက်ပွဲကနေ တစ်စုံတစ်ရာ ဖြစ်လာမလား ဆိုတဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို ဥရောပက ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ စွန့်လွှတ်ကြပါစေလို့ ကျနော်က ဆုတောင်းနေပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေမယ့် ရည်ရွယ်ချက်နဲ့ တကယ်အလုပ်ဖြစ်မယ့် အလုပ်တွေကို စပြီးတော့ လုပ်ဆောင်ကြပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖြစ်ပေါ်ရေးက အစပြုပြီးတော့ ဥရောပ က ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေက စတင်လုပ်ဆောင် သင့်ပါတယ်လို့၊ ဦးဝင်းတင်က သူ့ဆောင်းပါးကို နိဂုံးချုပ် ထားပါတယ်။
No comments:
Post a Comment