ရခိုင်ပြည်နယ်မှာ စစ်တပ်က ဆင်ဖြူ ရှာနေ

ငြိမ်းချမ်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ တောတောင်များတွင် ယခုလဆန်းမှ စတင်၍ စစ်တပ်က ဆင်ဖြူများ လိုက်လံရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

ပြည်နယ်မြို့တော် စစ်တွေရှိ ခြေမြန်တပ်ရင်း - ခမရ ၅၃၄ မှ တပ်သား ၈၀ ခန့် ပါဝင်သော စစ်ကြောင်း နှစ်ကြောင်းသည် မောင်တောမြို့နယ် အောင်သပြေရွာတွင် အခြေစိုက်ပြီး မြန်မာ-ဘင်္ဂလား နယ်စပ်မိုင်တိုင် ၄၉ မှ ၆ဝ အတွင်းရှိ မေယုတောင်တန်းတွင် ရှာဖွေနေခြင်း ဖြစ်သည်။

“ဆင်ဖြူရှာတယ်လို့ ပြောတယ်။ ဒါပေမဲ့ အစွယ်အကြီးကြီးရှိတဲ့ ဆင်တွေဆို ပစ်ဖမ်းပြီး အစွယ်ဖြတ်ယူတယ်။ ကျနော့်ရှေ့မှာတင် ၂ ကောင် တွေ့ခဲ့တယ်” ဟု လမ်းပြအဖြစ် လိုက်ပါခဲ့သူ ဘောသလာရွာသား တဦးက မဇ္ဈိမကို ပြောသည်။

ခမရ ၅၃၄ သည် ဒေသတွင်း ကျေးရွာများဖြစ်သော အောင်သပြေ၊ အောင်သလာ၊ ဘောသလာ၊ ဗန္ဓုလ၊ နံ့သာတောင် ကျေးရွာများရှိ ရွာသားများကို ပေါ်တာဆွဲကာ ဆင်ဖြူရှာကြသည်။

ဆင်ဖြူရှာဖွေရာတွင် လမ်းပြအဖြစ် လိုက်ပါခဲ့သူ မောင်တောမြို့နယ် ဗန္ဓုလရွာသား ကိုပီရအောင် (၃၅ နှစ်) သည် ယခုလ ၇ ရက်နေ့က မိုင်တိုင် ၅၃ အနီးတွင် မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ဘောသလာရွာသားက ပြောသည်။

နှစ်နိုင်ငံနယ်စပ် မှောင်ခိုဈေးကွက်တွင် ၅ ကီလိုဂရမ် (Kg) အောက်ရှိ ဆင်စွယ်များကို ၁ Kg ကို တာကာ ၄၀၀၀ (ကျပ် ၆၀၀၀၀)၊ ၅ Kg ကျော်သော ဆင်စွယ်များကိုမူ ၁ Kg ကို တာကာ ၁၀၀၀၀ (ကျပ် ၁၅၀၀၀၀) ပေါက်ဈေး ရှိနေသည်။

တပ်သားများက ဆင်ဖြူရှာဖွေသည်ဟု ဆိုသော်လည်း အစွယ်ရှိသော တောဆင်ရိုင်းများကိုပါ သတ်ဖြတ်နေသဖြင့် ဆင်များသည် ဘင်္ဂလားဒေ့ခ်ျ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့မှုများ ရှိနေကြောင်း ဘင်္ဂလား-မြန်မာ နယ်စပ်နေ ဒေသခံများက ဆိုသည်။

ယခုလ ၆ ရက်နေ့တွင် နယ်စပ်မြို့ မောင်တော အနောက်ဘက် ၄၀ ကီလိုမီတာခန့်အကွာရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်တရိုဘန်မြို့နယ် ဘိုင်စရီဒေသ၊ တပိုင်ခါလီကျေးရွာအတွင်းမှ ဦးထွန်းသာဖြူနှင့် ဦးထွန်းအောင်ဖြူ၏ တောင်ယာကို ဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ၎င်းကျေးရွာမှ ကိုထွန်းသာမောင်က မဇ္ဈိမကို ပြောသည်။

“ဒီနေရာတွေကို တောဆင်ရိုင်းတွေ ရောက်လေ့မရှိဘူး။ အခုရောက်လာတာ ထူးဆန်းနေတယ်။ ဖြစ်နိုင်တာက နယ်စပ်နဲ့နီးတော့ မြန်မာဘက်က ဆင်တွေလို့ ယူဆရတယ်” ဟု သူက ပြောသည်။

ဘန်တရိုဘန်မြို့နယ်ရှိ အင်းချောင်းနှင့် အင်းသုံးဆယ် ဒေသများတွင်လည်း တောဆင်ရိုင်း အများအပြား အုပ်ဖွဲ့ကာ ဖြတ်သန်းသွားလာနေသော သတင်းများ ပေါ်ထွက်နေသည်ဟု သူက ဆက်ပြောသည်။

၂၀၀၄ ခုနှစ်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မယူတောင်တန်းမှ ဆင်ဖြူတကောင် ရရှိခဲ့ဖူးပြီး၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မောင်တောနယ်စပ်မှ ဆင်ဖြူတကောင်ကို တောဆင်ရိုင်း အုပ်စုတစုအတွင်း တွေ့ရှိခဲ့ကြောင်း နယ်စပ်သတင်းများ ပေါ်ထွက်ခဲ့သေးသည်။

မယူတောင်တန်းမှ တွေ့ရှိသည့် ဆင်ဖြူကို ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်နေသူ ဗိုလ်ချုပ်ကြီးခင်ညွန့်က ရန်ကုန် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု တည်ဆောက်လုပ်ကာ ထားရှိခဲ့သည်။

ရှေးမြန်မာဘုရင်များက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ရှင် ခံယူကာ မင်းကောင်းမင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားမှု ရှိခဲ့သလို ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ်နိမိတ် ကောင်းသည်ဟု မှတ်ယူမှုများ ရှိခဲ့သည်။ ထို့အတူ လက်ရှိ စစ်အစိုးရ အကြီးအကဲများလည်း ထိုသို့သော အစွဲအလမ်းရှိနေကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုလေ့ရှိသည်။

သို့သော် ၂၀၀၅ ခုနှစ်အတွင်းက ၈၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကမူ ဆင်ကို ဖြူသည်ဖြစ်စေ၊ မဲသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် ရှစ်မခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ရသေ့တောင်ရွာ မီး၊ လူ ၁၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ရသေ့တောင် ကျေးရွာတွင် ယခုလ ၉ ရက်နေ့က ရွာထက်ဝက်ကျော် မီးလောင်ခဲ့သဖြင့် လူ ၁၅ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်ရွာသည် ကျောက်ပန်းတောင်းနှင့် မိထ္တီလာမြို့အကြား တည်ရှိပြီး ကျောက်ပန်းတောင်းနှင့် ၂၁ မိုင် ကွာဝေးကာ၊ စုစုပေါင်း အိမ်ခြေ ၄ဝ ကျော် ရှိသည့်အနက် ၂၆ အိမ် မီးထဲပါသွားသည်။

“မိဘတွေ မရှိတုန်း ကျန်ခဲ့တဲ့ ကလေးတွေက ထမင်းချက်စားတာကနေ စလောင်တာ။ လေကလည်း တိုက်၊ ပဲစင်းငုံ ပေါ်ပြီးကာစ အချိန်ဆိုတော့ အိမ်တိုင်းလိုလိုက ပဲစင်းငုံရိုးအခြောက်တွေက ရှိနေတော့ မီးအားက ပိုပြင်းသွားတယ်” ဟု ရသေ့တောင် ရွာခံတဦးက မဇ္ဈိမကို ပြောသည်။

ဒေသခံများသည် မြေပဲ၊ နှမ်း၊ ပဲနောက်၊ ပဲစင်းငုံတို့ကို အဓိက စိုက်ပျိုးကြသူများဖြစ်ပြီး တောင်ယာသုံး ထယ်၊ ထွန်၊ ပေါက်ပြား၊ နွားလှည်း စသည်တို့လည်း မီးထဲပါသွားခဲ့ရကြောင်း သူက ဆက်ပြောသည်။ အိမ်များမှာမူ သက်ကယ်မိုး၊ ဝါးထရံကာ အများစု ဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာ မီးလောင်ခဲ့သည်ကို အတည်ပြုသော်လည်း အသေးစိတ်ကိုမူ “ဖြေခွင့်” မရှိကြောင်း မဇ္ဈိမကို ပြန်ပြောခဲ့သည်။

မီးစလောင်ပြီး ၄၅ မိနစ်ကျော်အကြာမှ ကျောက်ပန်းတောင်မြို့နယ် မီးသတ်ဌာနမှ မီးသတ်ကားသေး ၁ စီးနှင့် ၁၀ ဘီးကား အကြီးတစီး ရောက်လာသော်လည်း လမ်းကြမ်းသဖြင့် ရွာအတွင်းသို့ ဝင်မရဘဲ ကားသေးဖြင့်သာ ငြှိမ်းသတ်ခဲ့ရသောကြောင့် မီးလောင်အိမ်ခြေ များသွားရကြောင်း ရွာသားတဦးက ပြောသည်။

အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် မီးဘေး ဒုက္ခသည်များကို ကျေးရွာ မူလတန်းကျောင်းနှင့် ရွာဦးဘုန်းကြီးကျောင်းတွင် ခေတ္တ နေရာချထားသော်လည်း စောင်၊ ခြင်ထောင်၊ အဝတ်အထည်နှင့် အစားအသောက်များ လိုအပ်နေကြောင်း အကူအညီ ပေးနေသူများထံမှ သိရသည်။

ကျောက်ပန်းတောင်း မယက မြို့နယ်ကောင်စီ ဥက္ကဋ္ဌ၊ ရသေ့တောင် ကျေးရွာကောင်စီ ဥက္ကဋ္ဌ ဦးဌေးဝင်းတို့က ဦးစီးကာ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် အလှူငွေများ ကောက်ခံနေပြီ ဖြစ်ကြောင်း ရသေ့တောင်နှင့် ၅ မိုင်ခန့်ဝေးသော လက်ပံဖျားရွာခံ တဦးက မဇ္ဈိမကို ပြောသည်။

ကျောက်ပန်းတောင်းမြို့မှ ရပ်ကွက်အချို့တွင်လည်း အာဏာပိုင်များက မီးဘေး ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံနေကြောင်း မြို့ခံတဦးထံမှ သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

စစ်သားများဝိုင်းရိုက်၍ စားပွဲထိုး ၂ ဦး ဒဏ်ရာပြင်းထန်

ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမြောက်တပ်မှ စစ်သားများက အုပ်စုလိုက် ရိုက်နှက်၍ ဒဏ်ရာရှိသူ ကျောက်ပန်းတောင်းမြို့မှ စားပွဲထိုးဝန်ထမ်း ၂ ဦးမှာ အရေးပေါ် လူနာအဖြစ် ကုသမှုခံယူနေရသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့အထွက်၌ ပုပ္ပါးတောင်ကလပ်သို့ သွားသည့် လမ်းမကြီးဘေး ဖွင့်ထားသည့် “ဆည်းဆာ” စားသောက်ဆိုင်တွင် ယခုလ ၇ ရက်နေ့ ညဦးပိုင်းက အမြောက်တပ် ၇၀၇ မှ တပ်မှူး အဆင့်ရှိသူ ၂ ဦးနှင့် စားပွဲထိုးများ ပိုက်ဆံမရှင်းသည့်ကိစ္စဖြင့် အချင်းများပြီးနောက် စစ်သားများက လူစုပြီး တကျော့ပြန်လာကာ ဆိုင်တံခါးပိတ် ရိုက်နှက်ခဲ့သည်။

ဒဏ်ရာ အပြင်းအထန်ရသွားသော မောင်ဝင်းထိန်နှင့် မောင်ဝင်းညွန့်တို့အား မြို့နယ် ဆေးရုံတွင် အရေးပေါ် လူနာအဖြစ် ကုသထားရသည်။

“လာတုန်းက အရပ်ဝတ်နဲ့ လာစားတာ။ စားပွဲထိုးတွေက ဝိုင်းထိုးလို့ ပြန်သွားပြီး ည ၁၀ နာရီခွဲလောက်မှာ စစ်ကားကြီးတစီး အပြည့် အယောက် ၃၀ ကျော် ၄၀ နီးပါး လောက်ရှိတယ်။ အကုန်လုံး စစ်ဝတ်စုံနဲ့ပဲ။ စားနေတဲ့ ဧည့်သည်တွေကို ပြန်ခိုင်းပြီးတော့ စားပွဲထိုးလေးတွေကို ထွက်ပေါက်ပိတ်ပြီး ရိုက်တာ” ဟု မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

အခင်း ဖြစ်ပွားမှုတွင် အမြောက်တပ် ၇၀၇ မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် ရဲတပ်ဖွဲ့ရုံးက အတည်ပြု ဖြေကြားခဲ့သော်လည်း နာမည်နှင့် ရာထူးများအား ဖြေကြားရန် ငြင်းဆိုခဲ့သည်။ စခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးသလို စစ်တပ် ပါဝင်ပတ်သက် နေသောကြောင့် ရဲက အမှုကို ကိုင်တွယ်ရန် လက်တွန့်နေသည်။

တပ်မ ၇၀၇ မှ တာဝန်ကျ တပ်သားတဦးကလည်း “အဲဒီနေ့က ကျနော် ဂျူတီကျနေလို့ ရန်ဖြစ်တဲ့ကိစ္စ ကျနော် အတိအကျ မသိရသေးပါဘူး။ တပ်က အရာရှိတွေတော့ သွားကြတာတော့ ရှိတာပေါ့လေ” ဟု မဇ္ဈိမကို ပြန်လည် ဖြေကြားခဲ့သည်။

ကျောက်ပန်းတောင်း မြို့နယ်ဆေးရုံ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတဦးက “ကောင်လေးတွေက ယောက်ကျားလေး ခွဲစိတ်ဆောင်ထဲမှာပါ” ဟု ပြောသော်လည်း အသေးစိတ်ပြောရန် ငြင်းဆိုသည်။

လူနာများကို တွေ့မြင်ခဲ့သူ တဦးကမူ “ အရမ်း ထိထားတာပေါ့။ မျက်နှာနဲ့ ခေါင်းနဲ့ ညိုမဲစွဲပြီး ဖူးရောင်နေတယ်။ လက်မောင်းတွေလဲ ကျေနေတယ်။ အောက်ပိုင်းတွေတော့ ဘာဖြစ်လဲ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက ဒီလိုမျိုး ဝင်ရိုက်တာ တခါမှ မရှိဘူးသေးဘူးဗျ။ အခုဟာက အရပ်သားမဟုတ်ဘဲ စစ်ဝတ်စစ်စားနဲ့ ပေါ်တင်ဝင်ရိုက်တာကိုး။ ဒီသတင်းက တမြို့လုံး ဟော့နေပြီ။ ရဲကလည်း တပ်နဲ့ ဖြစ်တာဆိုတော့ မဝင်ရဲဘူး ဖြစ်နေတဲ့သဘောတော့ ရှိတယ်” ဟု သူကဆက်ပြောသည်။

“ဆည်းဆာ” စားသောက်ဆိုင်ပိုင်ရှင်သည် ဒေသအာဏာပိုင်များနှင့် ရင်းနှီးသူတဦးဖြစ်ပြီး ဆိုင်တွင် စင်တင်တေးဂီတနှင့် အမျိုးသမီးငယ်များလည်း ထားရှိကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

မင်းပြား မီး၊ နေအိမ် ၃၅ လုံး လောင်ကျွမ်း

မင်းပြား မီး၊ နေအိမ် ၃၅ လုံး လောင်ကျွမ်း
ငြိမ်းချမ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၅ မိနစ်

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၃၅ လုံး လောင်ကျွမ်းခဲ့သည်။

ပြည်တော်သာရပ်ကွက်နေ ဦးဝင်းအောင် နေအိမ်ရှိ မီးဖိုချောင် မီးကြွင်းမီးကျန်မှ နေ့လည် ၁ နာရီခန့်တွင် စတင်မီးလောင်ရာ အခြားနေအိမ်များပါ ကူးစက်သွားပြီး မီးလောင်ချိန်မှာ ၁ နာရီကျော် ကြာမြင့်ခဲ့သည်။
“မီးစလောင်တဲ့ အိမ်က ဓနိမိုး၊ ထရံကာ။ နောက်ပြီး အနားက အိမ်တွေကလည်း အဲ့ဒီလိုအိမ်မျိုးတွေ များတယ်လေ။ အိမ်ကြီးအိမ်ကောင်းက မရှိသလောက်ပါ။ နောက်ပြီးတော့ မီးလောင်တဲ့ အချိန်မှာ လေကလည်း တိုက်နေတယ်ဆိုတော့ အချိန်တိုအတွင်းမှာ အိမ်များများပါသွားတဲ့ သဘောပါ” ဟု မင်းပြားဒေသခံ ဦးသိန်းအောင်က မဇ္ဈိမကို ပြောသည်။

ဒေသခံများကသာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး မင်းပြား မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများ လာရောက်နိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။
မီးဘေးဒုက္ခသည် ဦးရေ ၁၀၀ ခန့်ကို မြို့ပေါ်ဘုန်းကြီးကျောင်းများက လက်ခံထားရှိကာ အစားအသောက် အတွက် မြို့ခံများကပင် ကူညီနေကြောင်းနှင့် ဒေသအာဏာပိုင်များဘက်က တစုံတရာ ကူညီခြင်း မရှိသေးကြောင်း ဈေးနားရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။
မင်းပြားသည် ရခိုင်ပြည်တွင် အများဆုံး မီးလောင်သော မြို့ဖြစ်ပြီး ယခုလောင်ကျွမ်းမှုသည် ယခုလအတွင်း ဒုတိယအကြိမ် ဖြစ်သည်။ ယခုလဆန်းပိုင်းကလည်း အောက်ရွာပိုင်း ရပ်ကွက်တွင် မီးလောင်ခဲ့သဖြင့် နေအိမ် ၁၅ လုံးခန့် ဆုံးရှုံးခဲ့ရသေးသည်။

မြို့ခံက ''မင်းပြားမှာကတော့ မီးက နှစ်စဉ်ဆိုသလို လောင်တတ်တဲ့အတွက်၊ မိုးစာစပါးတွေ သိုလှောင်တယ်ဆိုရင် ကိုယ်ပိုင်တဲ့ လယ်တောတို့၊ ယာတောတို့မှာ လှောင်ထားကြတာ များတယ်။ မြို့ပေါ်ကို ယူမလာကြဘူး'' ဟု ဆိုသည်။
အလားတူပင် ယခုလ ၅ ရက်နေ့က ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် လယ်ယာထွက်ကုန် ဆီဂိုဒေါင် မီးလောင်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လ ၂၅ နေ့ကလည်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် မီးလောင်ခဲ့ရာ နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့သေးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ရှမ်းခေါင်းဆောင်များ လွှတ်ပေးပြီး ဆွေးနွေးရန် SNLD တောင်းဆို

မြင့်မောင် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၂၄ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည့် ၅ နှစ်မြောက် ယနေ့တွင် ၎င်းတို့ကို ပြန်လွှတ်ပေးကာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် SNLD က စစ်အစိုးရကို တောင်းဆိုလိုက်သည်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး စိုင်းနွတ် ခေါ် စိုင်းညွန့်လွင်တို့ အပါအဝင် ရှမ်းအမျိုးသား ခေါင်းဆောင်များကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေး၍ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အဖြေရှာရန် နအဖ စစ်အစိုးရကို ကြေညာချက် ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အားလုံးပါဝင်နိုင်ဖို့ လိုတယ်။ အားလုံးပါဝင်ဖို့ဆိုရင် အတိုက်အခံ ခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့၊ တိုင်းရင်းသားခေါင်းဆောင်တွေ မလွှတ်ဘဲနဲ့ ဘယ်လိုမှ အားလုံးပါဝင်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒီပုဂ္ဂိုလ်တွေကို လွှတ်ပါ၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တောင်းဆိုခြင်း ဖြစ်တယ်” ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “၂၀၁၀ မှာ အဖွဲ့အစည်း အားလုံး ပါဝင်ရမယ်၊ ပါဝင်သင့်တယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေလည်းဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးလွှတ်ပါ၊ ပြီးတော့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ပါ။ အဲဒီကမှ ရှေ့တလှမ်းကို ဆက်ပြီး စဉ်းစားရမှာ” ဟု ပြောသည်။

သဘောထား မတိုက်ဆိုင်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် အကျိုးမရှိသည့်အပြင် အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် ဒီမိုကရေစီရေး ဖော်ဆောင်မှုတွင် ထိခိုက်နစ်နာစေကြောင်း ကြေညာချက်က ပြောဆိုထားသည်။

ရှမ်းတိုင်းရင်းသားများ ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံနေရသည့် အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးပြီး တပ်မတော် အကြီးအကဲများ၊ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း ဆက်လက်တိုက်တွန်းထားသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လိုလားသည့် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းပြည်ရှိ နိုင်ငံရေးခေါင်ဆောင်များကို ဖမ်းဆီးကာ၊ ထိုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများဖြင့် စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးခွန်ထွန်းဦးသည် ထောင်ဒဏ် ၉၃ နှစ်၊ စိုင်းညွန့်လွင်သည် ၈၅ နှစ်၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ခေါင်းဆောင်နှင့် ရှမ်းပြည် ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချူပ်ဆေထင်သည် ၁၀၆ နှစ်၊ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့မှ ဦးမြင့်သန်း၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးထွန်ညို၊ စိုင်းလှအောင်နှင့် စပ်သာဦးတို့သည် ၇၅ နှစ်စီဖြင့် ထောင်ဒဏ်များ ကျခံနေသည်။

“ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ကျန်းမာရေး အခြေအနေ သိပ်မကောင်းဘူး။ အစာအိမ်ဆေး သောက်နေရတယ်။ နားတဖက်က သိပ်မကောင်းဘူး။ အာရုံကြော အားနည်းနေတယ်။ ကျောက်ဖြူထောင်မှာ ကျနေတဲ့ ဦးစိုင်းလှအောင် CEC (SNLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်) က ကျန်းမာရေး အခြေအနေ တော်တော်ကို မကောင်းဘူး။ ကိုယ်အလေးချိန် အရမ်းကျသွားပြီးတော့ ဆံပင်တွေ ကွတ်ပြီးတော့ ခြေတောက်တွေမှာ အဖုတွေ ပေါက်နေတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။

၇၂ နှစ်အရွယ် ဗိုလ်ချုပ်ဆေထင်သည်လည်း သွေးတိုးနှင့် ဆီးချိုအပြင် ၂၀၀၇ နှောင်းပိုင်းမှစ၍ မျက်စိအားနည်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေခဲ့ကြောင်း သိရသည်။