Followers
About Me
- .
- Myanmar (Burma)
- ( http://www.facebook.com/tsunarmiwave?v=wall )
Pages
Labels
- ဗွီဒီယို (1)
စူနာမီ လှိုင်း
မြန်မာ တိုက်လေယာဉ် တစီးပျက်ကျ၊ လေယာဉ်မှူး သေဆုံး
မြန်မာ စစ်အစိုးရ လေတပ်မှ တိုက်လေယာဉ် တစီး ယနေ့နံနက်က ပျက်ကျသွားသဖြင့် လေယာဉ် မောင်းသူ သေဆုံးသွားကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။
လေယာဉ်သည် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်တွင် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အမည်မဖော်လိုသူ ၀န်ထမ်း တဦးက အေပီသတင်းဌာနကို ပြောကြောင်းသိရသည်။
[၂၀၀၉ ခုနှစ် ဒီဇင်ဘာ လအတွင်းက ပါကစ္စတန်၊ ပြင်သစ်နှင့် ဂျော်ဒန် နိုင်ငံများပူးတွဲ၍ လေကြာင်း ပျံသန်းရေးဆိုင်ရာ လေ့ကျင့်မှုတွင် တွေ့ရသည့် F -7 အမျိုးအစား တိုက်လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ - Staff Sgt. Michael B. Keller)]
၂၀၀၉ ခုနှစ် ဒီဇင်ဘာ လအတွင်းက ပါကစ္စတန်၊ ပြင်သစ်နှင့် ဂျော်ဒန် နိုင်ငံများပူးတွဲ၍ လေကြာင်း ပျံသန်းရေးဆိုင်ရာ လေ့ကျင့်မှုတွင် တွေ့ရသည့် F -7 အမျိုးအစား တိုက်လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ - Staff Sgt. Michael B. Keller)
ထို လေယာဉ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ဖြစ်ပြီး လေယာဉ် ပျက်ကျသည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။
မင်္ဂလာဒုံ လေတပ်စခန်းမှ လေယာဉ်များသည် အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်း၏ လေယာဉ်ပြေး လမ်းကြောင်းကို အသုံးပြု နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။
တိုက်လေယာဉ် ၃၆ စီးကို ၁၉၉၀ ပြည့်နှစ် အတွင်း ၀ယ်ယူခဲ့သည်ဟု ဆွီဒင်နိုင်ငံ အခြေစိုက် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနကို ကိုးကားပြီး အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။
စစ်အစိုးရနှင့် ဆက်ဆံရေး အမေရိကန် စိတ်မရှည်နိုင်
Wednesday, 20 January 2010 14:30 ကိုထွေး
အမေရိကန် အိုဘားမား အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို စောင့်ဆိုင်းရန် စိတ်မရှည် တော့ကြောင်း စစ်အစိုးရ ခေါင်းဆောင်များကို ယမန်နေ့က သတိပေး ပြောကြား လိုက်သည်။
မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုနှင့် ပတ်သက်၍ တစုံတရာ ရှင်းရှင်း လင်းလင်း မရှိဘဲ ရောနှော ရှုပ်ထွေး နေသည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောကြား လိုက်သည်။
“စိန်ခေါ်မှုတွေကို သေချာ ရှင်းလင်း နားလည်ပြီးမှ ဒီကိစ္စကို ကျနော်တို့ ဆောင်ရွက် ခဲ့တာပါ၊ ကျနော်တို့ သိပ်စိတ်မရှည် တော့ဘူး၊ ဒီကိစ္စ အတွက် ရှင်းလင်း မြင်သာတဲ့ အပြောင်းအလဲ တခုကို ကျနော်တို့ လိုအပ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် မစ္စတာ ကာ့တ် ကမ်းဘဲလ်က သတင်းထောက်များကို ပြောကြား လိုက်သည်။
အမေရိကန် အစိုးရက စစ်ခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံရန် မျှော်လင့်နေပြီး ပိုမိုထိတွေ့ ဆက်ဆံရန် နိုင်ငံရေး အပြောင်း အလဲကို စောင့်မျှော်လျက် ရှိကြောင်း၊ စစ်အစိုးရ အရာရှိများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ထိတွေ့ဆက်ဆံမှု ပိုမိုများပြား လာခြင်းကို ထုတ်ဖော် ပြောဆိုသကဲ့သို့ တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အခြားသော ပြဿနာ များကိုလည်း ၎င်းက ပြောကြားခဲ့သည်။
“မြန်မာ စစ်အစိုးရနဲ့ အပြန်အလှန် တိုက်ရိုက် ဆက်သွယ်မှုတွေရှိခဲ့ပါတယ်၊ သိပ်မကြာခင်မှာ ကျနော်တို့ နောက်ထပ် ဆွေးနွေးပွဲ လုပ်ဖို့မျှော်လင့်ပါတယ်”ဟု မစ္စတာ ကမ်းဘဲလ်က ဆိုသည်။
လာမည့် သတင်းပတ်များအတွင်း ထင်သာမြင်သာသည့် အခြေအနေကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အဖွဲ့က စောင့်ကြည့်နေကြောင်းသိရသည်။
အမေရိကန် အစိုးရအနေဖြင့်လည်း စစ်အစိုးရက ကျင်းပရန် စီစဉ်လျက်ရှိသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန် အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ၀န်ကြီးဦးသောင်းနှင့် နယူးယောက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
မူဝါဒသစ်အရ မြန်မာ့ဒီမိုကရေစီအရေး တစုံတရာ ပြောင်းလဲတိုးတက်မှု မရှိသရွေ့ အရေးယူ ပိတ်ဆို့မှုများကို ဆက်လက် ထားရှိမည် ဖြစ်ပြီး မြန်မာအစိုးရနှင့်လည်း တိုက်ရိုက် ဆက်ဆံသွားမည် ဟု ဆိုသည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦးတို့လည်း ပါဝင်ခဲ့သည်။
မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် အဖွဲ့သည် ၀န်ကြီးချုပ်သိန်းစိန် အပါအ၀င် စစ်အစိုးရ ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။
ရန်ကုန် မီးလောင်ကျွမ်းမှု လျှပ်စစ်မီး ပျက်ရာကစ
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရား အနောက်ဘက် ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက တနာရီကျော်ကြာ
မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၃ လုံးပြာကျသွားပြီး လူဦးရေ ၃၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း သတင်းရရှိသည်။
ယမန်နေ့ က ငါးထပ်ကြီး ဘုရားအနီး အင်ကြင်း လမ်းရှိ မီးလောင်မှု ဖြစ်ပွားသည့်နေရာ (ဓာတ်ပုံ - ဧရာဝတီ)
မီးလောင်ကျွမ်း မှုကြောင့် မီးကူးစက် လောင်ကျွမ်းမည်ကို စိုးရိမ်ရသော ပတ်ဝန်းကျင်ရှိ အိမ်ခြေ ၁၀ လုံးထက် မနည်းလည်း ဖျက်ဆီး ခံခဲ့ရကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများက ပြောသည်။
ဈေးသည်များ၊ ကျပန်း အလုပ်သမားများ အပါအ၀င် လက်လုပ် လက်စား ဆင်းရဲသား လူတန်းစားများစွာ နေထိုင်သော ငါးထပ်ကြီး ဘုရား အနောက်ဘက် ရပ်ကွက်၊ အင်ကြင်း လမ်းသွယ်တွင် ယမန်နေ့ ညနေ ၅ နာရီခန့်က မီးစတင် လောင်ကျွမ်း ခဲ့ကြောင်း၊ လမ်းများ အလွန် ကျဉ်းမြောင်းပြီး အိမ်များ ကျပ်ညပ် နေသောကြောင့် မီးသတ် ကားများ အလွယ်တကူ ၀င်ရောက်နိုင်ခြင်း မရှိသဖြင့် ခက်ခက်ခဲခဲ မီးငြိမ်းသတ် ခဲ့ရကြောင်း၊ ရန်ကုန်တိုင်း မြို့နယ် အသီးသီးမှ မီးသတ်ကား ၃၀ ခန့် လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် မီးငြိမ်းသတ် နေသည့် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။
မီးလောင်ကျွမ်းသည့် ရပ်ကွက်တွင် တနေကုန်မီးပျက်နေရာမှ ညနေ ၄ နာရီကျော်တွင် လျှပ်စစ်မီး ပြန်လာပြီး တနာရီအကြာ အင်ကြင်းလမ်းအတွင်းရှိ နှစ်ထပ်အိမ်တအိမ်မှ စတင်မီးလောင်ကျွမ်းပြီး ဘေးအိမ်များသို့ ကူးစက်သွားခြင်းဖြစ်ကြောင်း သိရှိရ သည်။
“ဖြစ်တာက မီးလာပြီးနောက်ပိုင်း တနာရီလောက်မှ ဖြစ်တာ၊ လျှပ်စစ်မီးဖိုမပိတ်ခဲ့လို့ မီးလာတဲ့ အချိန်မှာ မီးထလောင်တာထင် တယ်”ဟု ထိုရပ်ကွက်တွင်နေထိုင်သည့် အနှေးယာဉ်လုပ်သား တဦးက ပြောသည်။
အိမ်ခြေ ၅ လုံးကျော် မီးကူးစက်လောင်ကျွမ်းပြီးမှ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်ကားများ ရောက်ရှိ မီးငြိမ်းသတ်ခြင်း ဖြစ်ကြောင်း၊ မီးသတ်သို့ အကြောင်းကြားချိန်နောက်ကျခြင်းနှင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများဝင်ရန် ခက်ခဲခြင်းတို့ကြောင့်
တနာရီကျော်ကြာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းခြင်း၏အဓိကမှာ အစိုးရက လျှပ်စစ်မီးပုံမှန်မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရပ်ကွက်နေသူများက ဝေဖန်နေကြ သည်။
“မီးက ပုံမှန်မရဘူး၊ တနေ့ ၆ နာရီပဲ ရတယ်၊ ပျက်ချင်တဲ့အချိန်ပျက်၊ လာချင်တဲ့အချိန်လာတော့ လူတွေလည်း မီးလာတာ၊ပျက် တာကို အလုပ်ကြီးတခုလို သတိထားရတယ်၊ အခု မီးလောင်သွားတာက သတိပေါ့ဆလို့၊ ဒါပေမယ့် မီးမှန်မှန်လာရင် ဒီလို အဖြစ် မျိုးဖြစ်မှာ မဟုတ်ဘူး”ဟု ဗဟန်းဒေသခံ တဦးက ပြောသည်။
အခြေခံပညာ အထက်တန်းစာမေးပွဲများ နီးကပ်ချိန် ရန်ကုန်မြို့တွင် လျှစ်စစ်မီး တနေ့ ၆ နာရီခွဲတမ်းဖြင့်သာ ရရှိနေ သောကြောင့် ယခုကဲ့သို့ မီးလောင်မှုများဖြစ်ပွားလာနိုင်သေးကြောင်း ရန်ကုန်မြို့သူ မြို့သားများက ဆိုသည်။
“ကလေးတွေက မီးမလာတော့ ဖယောင်းတိုင်နဲ့ ညဥ့်နက်တဲ့အထိစာကျက်ရ၊ လူကြီးမိဘ တွေကလည်း မီးလာချိန် ချက်ရယ်၊ပြုတ်ရယ်၊ရေတင်တဲ့အလုပ်တွေလုပ်နေရတာဆိုတော့ တချက်လေးသတိလစ်သွားတာနဲ့ လျှပ်စစ်ကတဆင့် မီးလောင်တာတွေ ဖြစ်နေဦးမှာပဲ”ဟု ရန်ကုန်အိမ်ရှင်မ တဦးက ပြောသည်။
၂၀၀၉ ခုနှစ်အတွင်း နိုင်ငံတ၀န်းမီးလောင်မှု ၇၁၄ ကြိမ်ရှိခဲ့ပြီး လျှပ်စစ်မီးမှဖြစ်ပွားသည့် မီးလောင်မှုပေါင်း ၁၄၇ ကြိမ်ရှိ ကြောင်း၊ လျှပ်စစ်မီးမှ စတင်သောမီးးလောင်မှု ဖြစ်ပွားနှုန်းမြင့်တက်လာကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ မီးလောင်မှုအကြိမ်ပေါင်း ၁၀၉၆ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်ဖွဲ့၏တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

